Tuesday, November 22, 2016

အချစ်ကော်ဖီ ( love coffee )

လူရွယ်လေးတစ်ဦး ရှိတယ်…။
သူက ရုံးတစ်ခုမှာ အလုပ်လုပ်သတဲ့ …။
သူက ပြောမယ်ဆိုရင် အောက်ခြေဝန်ထမ်း ရုံးစာရေးလေးတစ်ယောက်ပေါ့…။
သူ့ရုံးမှာ သူတိတ်တခိုးနှစ်သက်ရတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်…။အဲဒီ့မိန်းကလေးဟာ ရုပ်ရေရူပကာ ချောမောလှပရုံမက ရာထူးအနေအထားကလဲ သူ့ထက်အများကြီးမြင့်သတဲ့…။အဲဒီ့ မိန်းကလေးကို ပိုးကြပန်းကြတဲ့ သူတွေကလည်း ရာထူးရာခံရှိသူတွေ အထက်တန်းစားတွေချည်းများတယ်ပေါ့…။မိန်းကလေးနားမှာဝိုင်းဝိုင်းလည်နေတဲ့ သူတွေဟာလည်း သူ့ထက် များစွာသာတဲ့ အတွက် သူ့ခမျာ စိတ်အားငယ်ပြီး မိန်းကလေးနားကို မကပ်ရဲဘူးတဲ့…။
ဒါကြောင့်  မိန်းကလေးကို အနီးကပ် မချည်းကပ်ရဲပဲ မိန်းကလေး ရုံးဆင်းရုံးတက်ချိန်တိုင်း ငေးမောကြည့်ပြီး တိတ်တခိုးချစ်နေရတာပေါ့…။ဒါပေမယ့် မိန်းကလေးက သူ့ကို ကြည့်နေတာကို သတိထားမိတယ်…။ဒီလိုပဲ သူ့ကို နှစ်သက်တဲ့သူတွေများတာကြောင့် အကြည့်ခံရတာ သူ့အတွက်တော့ မထူးဆန်းတော့ပါဘူး…။
လူရွယ်လေးကြည့်ကြည့်နေတာကို မိန်းကလေးတွေ့သွားတိုင်း ပြန်ပြုံးပြတတ်တယ်…။မိန်းကလေးရဲ့ စရိုက်က ဖော်ရွှေတယ် မာနမကြီးတတ်တဲ့ အပြင် ထက်မြတ်တော့ သူ့နားချည်းလာတဲ့သူတွေကို ပညာသားပါပါ ငြင်းဆို ကိုင်တွယ်တတ်တယ်။ ဒါကြောင့် မိန်းကလေးကို လူချစ်လူခင်ပေါသတဲ့…။
တစ်ရက် လူရွယ်လေးက စဉ်းစားတယ်…။ငါဒီလို တိတ်တခိုး ကြည့်လို့လဲ ဘာမှထူးမလာဘူးပေါ့…။ဒါကြောင့် အရဲစွန့်ပြီး မိန်းကလေးကို ချည်းကပ်တယ်…။မိန်းကလေးကလဲ ဖော်ရွှေစွာပဲ ပြန်လည်ပြောဆိုခဲ့တယ်…။ဒီလိုနဲ့ လူရွယ်လေးဟာ တစ်ရက်မှာတော့ မိန်းကလေးကို အရဲစွန့်ပြီး ညစာတူတူစားဖို့ ဖိတ်လိုက်သတဲ့…။ကံကောင်းထောက်မစွာပဲ မိန်းကလေးက လူရွယ်လေး ရိုးသားတာ သိတာကြောင့် ဖိတ်ကြားမှုကို လက်ခံလိုက်တယ်တဲ့…။
ဒီလိုနဲ့ သူတို့နှစ်ယောက် ချိန်းဆိုထားတဲ့ ဆိုင်ကိုရောက်လာခဲ့ကြတယ်…။လူရွယ်လေးက ပျော်လွန်းလို့ နေမထိထိုင်မသာဖြစ်နေရှာတာပေါ့…။မိန်းကလေးက သူ့ကို အထင်သေးမှာစိုးလို့ မိန်းကလေးရှေ့မှာ သတိကြီးစွာနဲ့ စိတ်ကျဉ်းကျပ်စွာ ထိုင်နေသတဲ့…။ဘာပြောလို့ပြောရမှန်းလည်းမသိ…စိတ်တွေလဲ အရမ်းလှုပ်ရှားနေသတဲ့…။
လူရွယ်လေးဟာ သူ့ဘဝအတွက် ကံအကောင်းဆုံး…ဒီလိုမိန်းကလေးမျိုးနဲ့ အတူထိုင်ခွင့် အတူညစာစားခွင့်ရတဲ့ အခိုက်အတန့်ဟာ သူ့ဘဝရဲ့ အကြီးများဆုံး ဆုလဒ်သဖွယ် ထင်မှတ်နေရှာသတဲ့…။အဲဒီ့ အချိန်မှာ မိန်းကလေးက…
"ရှင်ဘာမှာမလဲ…စားတော့မလား…"
"မဆာ…ဆာ…စားစရာ…အဲ…"
မဆာသေးပါဘူး…တစ်ခုခု သောက်နှင့်မလား…ပြီးမှ စားကြတာပေါ့…"
"ဟုတ်…ဟုတ်…"
လူရွယ်လေးဟာ စိတ်တွေလှုပ်ရှားလွန်းလို့ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေရှာတယ်…။
Coffee သောက်မလားရှင်…"
"ဟုတ်…ကောင်းပါတယ်…"
ဒီလိုနဲ့ ဝိတ်တာလေးကို ကော်ဖီနှစ်ခွက်မှာလိုက်တယ်…။ကော်ဖီရောက်တော့ ကော်ဖီတစ်ငုံသောက်ပြီး လူရွယ်လေးဟာ မိန်းကလေးကို နီးနီးကပ်ကပ် မကြည့်ရဲတာကြောင့် ကော်ဖီခွက်ကိုသာ ငုတ်ကြည့်နေသတဲ့…။အဲ့ဒါကို မိန်းကလေးက…
Coffee တစ်ခုခုလိုနေလို့လားရှင်…
ကျမကြိုက်တဲ့ ပုံစံအတိုင်းပဲ မှာလိုက်တာပါ…ရှင်မကြိုက်ရင် ပြင်ဖို့ ခေါ်လိုက်လေ…"
"ဟုတ်…ဟုတ်…"
လူရွယ်လေးဟာ ပြောပြောဆိုဆိုပဲ ဝိတ်တာကို ထပ်ခေါ်လိုက်တယ်…။ဝိတ်တာလာတော့ သူဘာပြောလို့ပြောရမှန်းလည်း မသိဘူး…။
"ဆရာ…ဘာများ အလိုရှိပါသလဲ …"
"ဆား…ဆားတစ်ဇွန်းလောက် ပေးပါ…"
တကယ်တော့ လူရွယ်လေးဟာ စိတ်လှုပ်ရှားလွန်းလို့ ပြောမိပြောရာ ပြောလိုက်တာ…။ဒါကို မိန်းကလေးက
"ရှင်က ကော်ဖီကို ဆားရောသောက်တာလား…"ဟု အံသြစွာမေးတယ်…။လူရွယ်လေးကလဲ
"ဟုတ်တယ်…"လို့ ရည်ရွယ်ချက်မရှိပဲ ဖြေမိလိုက်တယ်…။
"ဟဟ…ရှင်က လူထူးဆန်းပဲ…စိတ်ဝင်စားသွားပြီ…"
ကောင်မလေးက သဘောကျစွာ တစ်ချက်ရယ်ပြီး ပြောတဲ့ စကားကြောင့်…
လူရွယ်လေးကလဲ တစ်ခုစဉ်းစားမိသွားတယ်…။ကော်ဖီဆားထည့်သောက်တာ သူစိတ်ဝင်စားတယ်တဲ့…ရယ်တယ်တဲ့…မဆိုးဘူး…ဒါဆို ငါကော်ဖီကို ဆားထည့်သောက်ပြမှာပဲ လို့ခပ်ကြောင်ကြောင်တွေးလိုက်တယ်…။
ဝိတ်တာလေး ဆားလာပေးရော…
ကော်ဖီထဲ ထည့်မွှေပြီး လူရွယ်လေးက သောက်ပြသတဲ့…။မိန်းကလေးကလဲ အဲ့ဒါကို သဘောကျပြီး ပြုံးရယ်တယ်တဲ့…။
ဒီလိုနဲ့ ကော်ဖီထဲဆားထည့်သောက်တဲ့ လူရွယ်လေးကို မိန်းကလေးက စိတ်ဝင်စားကာ ခင်မင်လာသတဲ့…။နောက်ပိုင်း သူတို့တွေ့ဖြစ်ရင်လဲ လူရွယ်လေးက ဆားအမြဲထည့်သောက်တယ်…။အဲ့လိုထည့်သောက်တာ မိန်းကလေးကို ပျော်ရွှင်စေတယ် မဟုတ်ပါလား…။
နောက်ပိုင်းကြာတော့ သံယောဇဉ်ဖြစ်ပြီး သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြတယ်…။ပြီးတော့ လက်ထပ်လိုက်ကြတယ်…။
လက်ထပ်ပြီးတော့ မိန်းကလေးဟာ သူ့ယောက်ကျား လူရွယ်လေးကို မနက်အလုပ်မသွားခင်တိုင်း ကော်ဖီကို ဆားထည့်ဖျော်ပြီး တိုက်သတဲ့…။ညကျလို့ TVကြည့်ဘာကြည့် ကော်ဖီသောက်ကြရင်လည်း လူရွယ်လေးအတွက်ဆို ဆားထည့်ဖျော်တိုက်တယ်တဲ့…။
ဒီလိုနဲ့ အချိန်တွေ ရွေ့လျားလာခဲ့တယ်…။
သူတို့နှစ်ယောက်လည်း အဖိုးကြီး အဖွားကြီးတွေ ဖြစ်လာကြတယ်…။
တစ်နေ့မှာ တစ်ချိန်က လူရွယ်လေးဖြစ်တဲ့ အဖိုးကြီးဟာ ဆုံးပါးသွားခဲ့တယ်…။
--
တစ်ချိန်က မိန်းကလေးတဲ့ အဖွားကြီးဟာလည်း သူ့ယောက်ကျားကို သတိရတိုင်း သူ့ယောက်ကျား အခန်းနဲ့ ပစ္စည်းလေးတွေကို ဟိုမွှေဒီမွှေ လုပ်သတဲ့…။
တစ်ရက်တော့…သူ့ယောက်ကျားရဲ့ ဒိုင်ယာရီစာအုပ်လေးကို သွားတွေ့တယ်…။သူ့ယောက်ကျားဟာ သူ့မှာဒိုင်ယာရီမှတ်တမ်းစာအုပ်ရှိကြောင်း သူ့ကို တစ်ခါမှမပြောခဲ့ဘူးလေ…။ဒါကြောင့် စိတ်ဝင်စားပြီး အဲဒီ့ဒိုင်ယာရီ စာအုပ်လေးကို ဖတ်သတဲ့…။
စာအုပ်လေးထဲမှာ သူ့ကို ဘယ်နေ့ကစတွေ့ခဲ့ကြောင်း ဘယ်လိုမြတ်နိုးကြောင်းတွေပါ ရေးထားတယ်…။သူ့ကို တိတ်တခိုး ကြည့်ရတဲ့အကြောင်းတွေရောပေါ့…။အဖွားကြီးက စာဖတ်ရင်း ပီတိအပြုံးတွေ ပြုံးမိနေတာပေါ့…။ဒါပေမယ့်…စာအုပ်တစ်နေရာရောက်တော့ အဖွားကြီးဟာ မျက်ရည်တွေ စီးကျလာသတဲ့…။အဖွားကြီးဟာ တရှုံရှုံ အသံထွက်အောင် ငိုလာတဲ့ အထိပါပဲ…။
အဖွားကြီး ငိုစေတဲ့ အကြောင်းအရာလေးက…
"ကျနော် အငံကို အလွန်မုန်းသူ တစ်ယောက်ပါ…။ ဒါပေမယ့် သူမရှေ့မှာ ကယောင်ကတမ်း ပြောမိပြောရာ ပြောလိုက်မိတယ်…။ သူမက ကျနော်ကော်ဖီထဲ ဆားထည့်သောက်တာကို စိတ်ဝင်စားတယ်…။ သဘောကျတယ်တဲ့…။"
"ကျနော့်မှာ သူမအတွက် စိတ်ဝင်စားစရာ သဘောကျစရာ ရုပ်ရည် ရာထူး ဂုဏ်စည်းစိမ်တွေမရှိပါဘူး…။
ဒါကြောင့်…သူမစိတ်ဝင်စားစရာ သဘောကျစရာ အချက်ဖြစ်တဲ့…ကော်ဖီထဲဆားထည့်သောက်တဲ့အလုပ်ကို သူမနဲ့တွေ့တိုင်း ကျိတ်မိတ်ပြီး လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်…"
"ကျနော် အရမ်းကံကောင်းတယ်…သူမနဲ့ ချစ်သူ ဖြစ်သူဖြစ်ခဲ့ရပြီ…"
"ကျနော် ကမ္ဘာပေါ်မှာ အပျော်ဆုံးလူတစ်ယောက်ဖြစ်ပြီ…သူမကို လက်ထပ်ရတော့မယ်…"
"မိန်းမကတော့ မသိဘူး…
ကျနော်အရမ်း မုန်းတဲ့ အငံကို မနက်တိုင်း ကော်ဖီထဲ ထည့်ဖျော်တိုက်နေတော့တာပဲ…
ဒါပေမယ့်…
ကျနော် မျက်နှာလေးရှုံပြီး သောက်တာကိုမြင်တိုင်း သူမသဘောကျနေတာလေးကို မစွန့်လွှတ်နိုင်လို့ …ဖွင့်မပြောတော့ပါဘူး…"
"အသက်တွေလည်း ကြီးလာခဲ့ပြီ…
မိန်းမကို အဲဒီ့ လျို့ဝှက်ချက်ဖွင့်ပြောလိုက်ရင် ကောင်းမလား…
မဖြစ်သေးပါဘူးလေ…
သူမကို ကျနော်လိမ်လည်ပြီး စိတ်ဝင်စားမှုယူခဲ့တယ်ဆိုပြီး စိတ်ထိခိုက်သွားပါဦးမယ်…
အခုထိလဲ ကျနော် သူမရဲ့ ဆားကော်ဖီကို သောက်တိုင်း သူမသဘောကျနေတာပဲလေ…
ကျိတ်မိတ်ပြီးဆက်သောက်ရုံပေါ့…"
ဒိုင်ယာရီလေးထဲမှာ ကော်ဖီအကြောင်း တော်တော်ပါတယ်…။ချီတုန်ချတုန် ဖြစ်နေတဲ့ စဉ်းစားမှုတွေလဲ တွေ့ရတယ်…။
"မထူးတော့ပါဘူး…သူမကို သေတဖန်သက်တဆုံး လိမ်လည်ထားလိုက်တော့မယ်…
ကျနော်အရမ်း မုန်းတဲ့ ဆားကော်ဖီကိုလည်း…အချစ်ကော်ဖီလို့ ထင်မှတ်ပြီး သေတဲ့ထိ သောက်သွားတာပေါ့…"
အဖိုးကြီးသေခါနီး မနက်မှာတောင် အဖွားကြီးဖျော်တိုက်တဲ့ ဆားကော်ဖီကို အဖွားကြီးမျက်နှာကို စိုက်ကြည့်ပြီး သောက်ကာ…
"ဟိုးတုန်းကအတိုင်းပဲနော် မိန်းမ…
ငါကော်ဖီသောက်တိုင်း မင်းအမြဲရယ်တယ်…"
"ရှင်က ဆားကော်ဖီကြိုက်တယ်လဲ ပြောသေးတယ်…သောက်တိုင်းရှုံမဲ့နေတာကိုး…ကျမရယ်မိတာပေါ့…"
"မင်းရယ်တယ်ဆို…
ငါ မျက်နှာရှုံရတာ တန်ပါတယ်ကွာ…"
အဖွားကြီးဟာ သူနဲ့အဘိုးကြီးအကြောင်းတွေ ပြန်မြင်ယောင်ရင်း…ဒိုင်ယာရီစာအုပ်လေးကို ကျစ်ကျစ်ပါအောင် ပွေ့ဖက်ရင်း …
အဖွားကြီးရဲ့ ပါးပြင်မှာ မျက်ရည်တွေနဲ့ပေါ့…။

No comments:

Post a Comment